ဘားအံ ဧပြီ ၂
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို အရေးကြီးလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၃/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက ၂၀၂၂ ဧပြီလ ၃၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါထိန်းချုပ်ရေးတွင် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် သတ်မှတ်ကာလအတွင်း စနစ်တကျ လျင်လျင်မြန်မြန်ဖြင့် ရည်မှန်းချက်ပြည့်မီအောင် ထိုးနှံနိုင်ရေးမှာ အရေးကြီးဆုံးပင်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း ရာခိုင်နှုန်းပြည့်မီစေရေး စနစ်တကျစုဖွဲ့၍ ကာကွယ်ဆေးထိုးလုပ်ငန်းကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများက ဆောင်ရွက်မည့် အစီအမံနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အပိုင်းတို့ကို တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း၊ မြေပြင်လက်တွေ့ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခြေအနေများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကလည်း ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ အစုအဖွဲ့ကောင်းကောင်းဖြင့် ပိုမိုဂရုစိုက်၍ ကြိုးစားဆောင်ရွက်ကြစေလိုပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များကို နားလည် သဘောပေါက်သည်အထိ ရှင်းလင်းပြောကြား၍ ကာကွယ်ဆေးထိုးနှံပေးကြစေလိုကြောင်း၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့များမှ အကူအညီပေးရန် အသင့်ရှိပြီး မြန်မြန်နှင့်များများ ထိုးနှံရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်အောင်မြင်စေရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးပေးကြစေလိုပြီး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များဖြစ်သော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်နေရာများကို စာရင်းပြုစု၍ သွားလာရန် အခက်အခဲရှိသည့်နေရာများတွင် စစ်ကြောင်းများဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရေး၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ တွန်းတွန်းတိုက်တိုက်ဖြင့် ကြိုးစားဆောင်ရွက်ပေးနိုင်ရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ဦးရေ ပြည့်မီစေရေး ကြိုတင်မျှော်တွေး စီမံဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြသည်။
ယင်းနောက် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းအဝေးသို့ တက်ရောက်လာသော ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာခရိုင်၊ မြို့နယ်အလိုက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူ၊ ကာကွယ်ဆေးထိုးနှံပြီးသူ၊ ထိုးနှံပေးရန် ကျန်ရှိသူစာရင်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာဝန်ထမ်း Volunteer များက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကန့်သတ်ချက်ရှိသည့် ဒေသများမှ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား စုရပ်များသတ်မှတ်၍ ထိုးနှံပေးရန်၊ ဧပြီလကုန်တွင် အသက် ၁၈ နှစ်နှင့်အထက် အကျုံးဝင်သူအားလုံး ကာကွယ်ဆေးထိုးနှံပြီးဖြစ်စေရေန်၊ ကာကွယ်ဆေးထိုးနှံပြီးသူများအား စွမ်းအားမြင့် Booster ထိုးနှံပေးနိုင်ရန်၊ ဧပြီလကုန်သည်နှင့် အသက် ၅ နှစ်နှင့်အထက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)