ကျိုင်းတုံ ရိုးရာသင်္ကြန် ဖားစည်ပွဲ ကျင်းပမည်

ကျိုင်းတုံ မတ် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် (၆၁၁)နှစ်မြောက် ဂုံရှမ်းရိုးရာသင်္ကြန် မင်္ဂလာဖားစည်‌ပွဲ ကျင်းပမည်ဖြစ်ကြောင်း  သိရသည်။

အဆိုပါ ဖားစည်ပွဲကို ကျိုင်းတုံမြို့တွင် ကောဇာသက္ကရာဇ် ၇၇၂ ခုနှစ်၊ ခရစ်နှစ် ၁၄၁၁ ခုနှစ်က စတင်၍ နှစ်စဉ် ဧပြီလတိုင်း ကျင်ပခဲ့ကြောင်း ဂုံရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ထံမှ သိရသည်။

ကျိုင်းတုံမြို့၊ ကျိုင်းစံဘုန်းကြီးကျောင်းတွင် မင်္ဂလာစည်တော်ထားရှိပြီး အမှတ်-၃ ရပ်ကွက်၊ အောင်မြေနတ်နန်းအနီးတွင်  စည်တော်စင်တည်ရှိသည်။

ပွဲကျင်းပပုံမှာရှေးဦးစွာ သင်္ကြန်စာပါ သင်္ကြန်းမင်းရုပ်တု ထုလုပ်ပြီး စည်တော်စင်အရှေ့ဘက်၌ ထားရှိသည်။ သင်္ကြန်အကြိုနေ့နံနက်ပိုင်းတွင်  ကျိုင်းစံဘုန်းကြီးကျောင်းရှိ စည်တော်အား နတ်နန်းသို့ ပို့ဆောင်ထားကာ နေ့လည် ၁နာရီတွင် စည်တော်အား ဂုံရှမ်းမျိုးနွယ် လွယ်တိုင်းရင်းသားများက ရိုးရာအစဉ်အလာနှင့်အညီ  စင်ပေါ်တင်ကြသည်။

ထို့နောက် အကြီးအကဲများက အေးချမ်းသာယာပါစေကြောင်း ဆုတောင်း၊ မေတ္တာပို့သကာစည်တော်ကို စတင်တီးခတ်‌ပေးပြီး လွယ်တိုင်းရင်းသားများက  စဉ်ဆက်မပျက် ဆက်လက်တီးခတ်ကြသည်။

နောက်တစ်နေ့ သင်္ကြန်အကျနေ့နေ့လည် ၁ နာရီတွင် သင်္ကြန်မင်းရုပ်ထုကို  နမ့်ခင်ချောင်း လောင်းကုတ်အရပ်သို့  စည်တော်တီးခတ်လျက် ပို့ဆောင်ကြသည်။ လောင်းကုတ်အရပ်တွင် ပါးစပ်၌ စန္ဒာလမင်း ငုံထားဟန် ရွံ့စေးဖားရုပ်ထုနှင့် သဲပုံစေတီရှိပြီး ထိုအရပ်တွင် ဆုတောင်းမေတ္တာပို့သကာ သင်္ကြန်မင်း ရုပ်ထုအား နမ့်ခင်ချောင်းအတွင်း မျောချသည်။ ထို့နောက် စည်တော်အား ကျိုင်းစံဘုန်းကြီ းကျောင်းသို့  ပြန်လည်ပို့ဆောင်၍ စည်တော်တီးခတ်မှု ရပ်တန့်ကာ ပွဲတော်ပြီးမြောက်သည်။

နမ်ခင်ချောင်းသို့ ပို့ဆောင်စဉ် မည်သူမဆို လိုက်ပါနိုင်၍ ကြိုဆိုသူ၊ ပို့ဆောင်သူများဖြင့် အလွန်စည်ကားပြီး လမ်းတစ်လျှောက်၌ ရေများ၊ ဂျုံမှုန့်များဖြင့် ပက်ဖြန်းကစားကြသည်။

ဂုံရှမ်းသမိုင်း မှတ်တမ်းအရ ကောဇာသက္ကရာဇ် ၇၇၀ ခုနှစ် ဝန်းကျင်၊ စော်ဘွားကြီး စဝ်ကျောက်မထု လက်ထက်တွင် ကျိုင်းတုံဒေသ၊ ဟွေပွန်အရပ်၌ တောမီးအကြီးအကျယ် လောင်ကျွမ်းကာ တစ်နယ်လုံး မိုးခေါင်ရေရှားပြီး ငတ်မွတ်၊ ခေါင်းပါးခြင်း ကပ်ဆိုး ကြုံတွေ့ကြရ သည်။ စော်ဘွားကြီးက ပရောဟိတ် ဥတ္တရပုဏ္ဏားအား တွက်ချက်စေရာ သင်္ကြန်ကာလ၌ ပြုလုပ်ရမည့် အစီအစဉ်တစ်ခု ဟောခဲ့သည်။ အဆိုပါ အစီအစဉ်မှာ ပါးစပ်၌ စန္ဒာလမင်းငုံထားသည့် ဖားရုပ်ပုံထုလုပ်ကာ နမ့်ခင်ချောင်းဘေး၌ သဲပုံစေတီနှင့်အတူထားပြီး ဆုတောင်း ပူဇော်ရမည်ဟူ၍  ဖြစ်သည်။

စော်ဘွားကြီးက ကောဇာသက္ကရာဇ် ၇၇၂ ခုနှစ်တွင် အဆိုပါ အစီအစဉ်အတိုင်း ပြုလုပ်စေခဲ့ရာ မိုးရွာသွန်းပြီး ကောင်းမွန်စွာ ထွန်ယက် စိုက်ပျိုးနိုင်သည့်အပြင် ကောက်ပဲသီးနှံများလည်း အထွက်နှုန်း ပိုမိုခဲ့သဖြင့်  မှူးမတ်များအား ထိုသို့ နှစ်စဉ် ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ရာမှ  ယခုထိတိုင် သင်္ကြန်ကာလ၌ မင်္ဂလာစည်တော်ပွဲ ကျင်းပကာ ရေဖြန်းပက်ခြင်း ဂျုံမှုန့်ဖြန်းပက်ကစားခြင်း အစဉ်အလာတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။

မောင်မောင်နိုင်(ကျိုင်းတုံ)