မေတ္တာ မတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၃၁)ဦးမှ ယနေ့နံနက်(၉)နာရီအချိန်ကစ၍ နေ့လည်၁၂နာရီထိ မြန်မာ စာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၆ ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းအတွင်းဖြေဆိုခွင့် လျှောက်လွှာတင် သွင်းသူ(၂၇)ဦး၊ အပြင်ဖြေဆိုခွင့်လျှောက်လွှာတင်သွင်းသူ (၄)ဦးရှိပြီး မေတ္တာမြို့အတွင်း ကျောင်းသားကျောင်းသူ၊ ကျား(၆)ဦး၊ မ (၁၃)ဦး၊ ပေါင်း(၁၉)ဦး၊ ပြင်ပဖြေဆိုမည့်သူ မ(၁)ဦး၊ စုစုပေါင်း (၂၀)ဦးနှင့်မေတ္တာမြို့၊ ဟိန္ဒား(အ-ထ-က)ကျောင်းမှ ကျောင်းသားကျောင်းသူ၊ ကျား (၄)ဦး၊ မ(၄)ဦး၊ ပေါင်း(၈)ဦး၊ ပြင်ပဖြေဆိုမည့်သူ၊ ကျား(၁)ဦး၊ မ(၂)ဦး၊ ပေါင်း(၃)ဦး၊ စုစုပေါင်း(၁၁)ဦးရှိပြီး စုစုပေါင်း ဖြေဆိုသူ ဦးရေ(၃၁)ဦးရှိကြောင်း လက်ထောက်မြို့နယ် ပညာရေးမှူး ဦးထွန်းဝေထံမှသိရသည်။
အဆိုပါ စာမေးပွဲ ဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာတာဝန်သူများ၊ နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များကဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးချို(မေတ္တာ)