လားရှိုးမြို့မစျေးအတွင်း မီးဘေးလုံခြုံရေး ဇာတ်တိုက်သရုပ်ပြခြင်း ဆောင်ရွက်

လားရှိုး မတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့မစျေးအတွင်း ယနေ့နံနက်(၉) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းကာ စျေးသူစျေးသားများနှင့်အတူ မီးသတ်ယာဉ်များဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးဘေးလုံခြုံရေး ဇာတ်တိုက်သရုပ်ပြ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်ဇင်က မြို့မစျေးအတွင်းရှိ ရေလှောင်ကန်များတွင် ရေသိုလှောင်ထားရှိမှုအခြေနေများ၊ လိုအပ်ပါက ရေလှောင်ကန်များ တိုးချဲ့ရန် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ ခေတ္တမြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်ဦးက မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အန္တရာယ်မရှိစေရေးအတွက် အမြန်မီးငြှိမ်းသတ်ခြင်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများနှင့် မီးလောင်မှုကို မီးသတ်ဆေးဘူးများဖြင့် ကနဦးငြှိမ်းသတ်ခြင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဈေးသူဈေးသားများ၊ ဈေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်အတူ လက်တွေ့သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်းက မြို့မစျေးအတွင်းထားရှိသော မီးသတ်ဆေးဘူးများနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့မစျေးတာဝန်ခံ ဦးဝင်းမြင့်က မြို့မစျေးအတွင် အရေးပေါ်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိသည့် ရေလှောင်ကန်များ၊ မီးသတ်ရေးငုတ်များ၊ CCTV တပ်ဆင်ထားရှိသည့် နေရာများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားရာ တာဝန်ရှိသူများက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး