လှိုင်းဘွဲ မတ် ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ မတ်လအထိ ၆ လဘဏ္ဍာရေးနှစ်အတွင်း ပထမအကြိမ်ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားကို ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်က တက်ရောက်ချီးမြှင့်၍ အမှာစကားများပြောကြားပေးခဲ့ပြီးနောက် သင်တန်းတွင်ထူးချွန်ဆုရရှိခဲ့ သော သင်တန်းသူအား အပ်ချုပ်စက်(၁)စုံ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် သင်တန်းသူများမှတစ်ဦးချင်းစီကိုယ်တိုင် ချုပ်လုပ်ခဲ့ကြသည့် ဌာနဆိုင်ရာယူနီဖောင်းဝတ်စုံ များ၊ အမျိုးသားဝတ်ကော်လံပါနှင့် ကော်လံကတုံးရှပ်အင်္ကျီများ၊ အမျိုးသမီးဝတ်ပွဲတက်ဝတ်စုံများ၊ သတို့သမီး၊ သတို့သားဝတ်စုံများ၊ ဖန်စီဒီဇိုင်းအဆန်းများဖြင့် ပြုလုပ်ဖန်တီးထားသည့် လက်ကိုင်အိတ်၊ လက်ကိုင်ဆွဲခြင်းငယ်များ စသည့် သင်တန်းသူများမှ ဖန်တီးပြုလုပ်ထားကြသော အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး၊ မြိုင်ကြီးငူမြို့ပြ အုပ်ချုပ်ရေးမှူး ဦးသာဒင်ဧ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်သည်များက ကြည့်ရှုအားပေးခဲ့ကြ သည်။
မြိုင်ကြီးငူအထူးဒေသ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ရက်သတ္တပတ်(၁၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြိုင်ကြီးငူ အထူးဒေသမှ(၁၉) ဦး၊လှိုင်းဘွဲမြို့မှ(၇) ဦး၊ ဖာပွန်မြို့နယ်မှ(၁၄) ဦး၊စုစုပေါင်းသင်တန်းသူ(၄၀) ဦးတို့က တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)