ကော့သောင်း မတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ရှိ ၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာတက္ကသိုလ်ဝင်ခွင့် စာမေးပွဲအား ယနေ့ နံနက် (၉)နာရီ မှ စတင်ကာ စာစစ်ဌာနအလိုက် ကျောင်းသား/သူများ စတင်ဖြေဆိုကြကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာမေးပွဲအား အထက(၁) ၊ အထက(၂) နှင့် အထက(ခမောက်ကြီး) ကျောင်းများရှိ စာစစ်ဌာန(၃)ခုတွင် ကျောင်းသား/သူများ ဖြေဆိုကြခြင်းဖြစ်ပြီး ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အားဖြေဆိုကြရာ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်းခွဲမှ ဝင်ရောက်ဖြေဆိုသူနှင့် အလွတ်ဖြေဆိုစာရင်းပေးသွင်းထားသူ စုစုပေါင်း (၃၈၉) ဦးဖြစ်ပြီး ယနေ့လာရောက်ဖြေဆိုသူစုစုပေါင်း (၃၅၂)ဦး ဖြစ်ကာ ပျက်ကွက်သူ စုစုပေါင်း (၃၇)ဦးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၀)ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ဖြေဆိုရာတွင် စာစစ်ဌာနအသီးသီး၌ ဆရာ/ဆရာမများအပြင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့လုံခြုံရေးနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များ စနစ်တကျ စောင့်ကြည့်တာဝန်ယူမှုဖြင့် ကျောင်းသား/သူများ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်မှုမရှိဘဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း )