နမ္မတူ မတ် ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၃၁)ရက်နေ့ နံနက် (၉)နာရီမှစ၍ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကျောင်းသား ကျောင်းသူ ၂၂၉ ဦး စိတ်အေးချမ်းမြေ့စွာဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထို့သို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာတွင် ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ ရပ်မိရပ်ဖမျာက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲကို မတ်လ (၃၁)ရက်နေ့မှ ဧပြီလ (၉)ရက်နေ့အထိ တစ်ရက်လျှင် (၁)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် နံနက် (၉)နာရီမှ မွန်းတည့် (၁၂)နာရီအချိန်ထိ (၃)နာရီကြာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂)ဖြင့် ကျင်းပခြင်းဖြစ်ပြီး အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ ၁၉၉ဦး စာရင်းပေးသွင်းထားပြီး ၁၈၁ ဦး ဝင်ရောက်ဖြေဆိုကာ ၁၁ဦးပျက်ကွက်ကြောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (ဘော်တွင်း) စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ ၅၄ ဦး စာရင်း ပေးသွင်းထားပြီး ၄၈ ဦး ဝင်ရောက်ဖြေဆိုကာ ၆ဦးပျက်ကွက်ကြောင်း၊ စုစုပေါင်း စာရင်းပေးသွင်း ထားသည့် ကျောင်းသား ကျောင်းသူ ၂၅၃ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၂၂၉ ဦးရှိပြီး ပျက်ကွက် ကျောင်းသား ကျောင်းသူ ၂၄ ဦးရှိကာ ဖြေဆိုရာခိုင်နှုန်း ၉၀.၅၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
လူမော် (ပြန်/ဆက်)