ငါန်းဇွန် မတ် ၃၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ် ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၈)ဦး၊ မြို့သာဇုံမှ (၈၀)ဦး၊ သားကျင်ဇုံမှ (၂၁၈)ဦး၊ ဂျိုဇုံမှ (၁၁၀)ဦးနှင့် ရေလည်သောင်ဇုံမှ(၅၃)ဦး စုစုပေါင်း (၄၆၉)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ နဝမအသုတ် ပထမအကြိမ် (၈၇၈)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)