အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် ဒုတိယအစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ

မရမ်းကုန် မတ် ၃၁

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် ဒုတိယ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏ (ကံမဆရာတော်)က ဆောင်ရွက်တော် မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ(ရွှေဘိုဆရာတော်)က ဆောင်ရွက်တော်မူသည်။ အစည်းအဝေး ကို “သာသနဿ စ လောကဿ” အစချီသော ဂါထာကို ၃-ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်​တော်မူကြပြီး  ဒုတိယဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏ (ကံမဆရာတော်) က  သြဝါဒကထာ မြွက်ကြားတော်မူသည်။

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် ပထမအစည်းအဝေးမှတ်တမ်း (ဒု−စတုတ္ထ ၁/ ၂၀၂၂) ကို ဖတ်ကြားအတည်ပြုတော်မူကြပြီး ဝိနိစ္ဆယရေးရာတင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်တော်မူကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)ဆရာတော်ကြီး (၁၅)ပါး တက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းနှင့် သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးသန်းအေးအောင်အမှူးပြုသော သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

​အောင်မြင့်(ပြန်/ဆက်)