တကောင်း မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် လက်တလောဖြစ်ပွားနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် ညွှန်ကြား ချက်များအား အသိပညာပေးနှင့် ကာကွယ်ဆေးထိုးနှံကြရန်လိုက်လံနှိုးဆော်ခြင်း ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိရပ်ကွက်များသို့ အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် တကောင်းမြို့အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊နေအိမ်မှ ပြင်ပသို့ထွက်လျှင် ပါးစပ်/နှားခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်း နှင့် ထိတွေ့ခြင်းမပြုကြပါရန်၊ နှာခေါင်းစည်း (Mask)မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကား ပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်းများကို လေဝင်၊ လေထွက်ကောင်း အောင် ပြုလုပ်ကြရန်၊ သက်ကြီးရွယ်အိုများနှင့်ဆီးချို၊သွေးတိုး နှလုံးရောဂါခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း၊ ရောဂါပိုးကူးစက်ခံနေ ရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံးလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ကြရန်စသည့် အချက်များအား လိုက်လံအသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
သီရိအောင် (တကောင်း)