မလှိုင် မတ် ၃၀
မလှိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနများသို့ တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ အဖွဲ့(၃)ဖွဲ့ဖြင့် လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင် အထက(မလှိုင်) ဧရာဝတီ၊ အထက(မြို့သစ်)၊ အထက(ဆည်တို)၊ အထက(မုံပင်)၊ အထက(နှောကန်)၊ အထက(ပန်းအိုင်) စာစစ်ဌာန(၆)ခု ဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ စာစစ်ဌာနများသည် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ပြင်ဆင်ထားခြင်း ရှိ/မရှိ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးလုပ်ငန်း စဉ်များနှင့် ပြင်ဆင်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လက်မှတ် ထုတ်ယူမှုမကျန်ရှိစေရေး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ကူညီပံ့ပိုးဆောင်ရွက်ပေးရန် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
မလှိုင်မြို့နယ်တွင် အတွင်းဖြေ ကျား(၄၁၄)ဦး၊ မ(၆၀၆)ဦး၊ ပေါင်း(၁၀၂၀)ဦး၊ အပြင်ဖြေ ကျား(၁၆၂) ဦး၊ မ(၂၄၂)ဦး၊ ပေါင်း(၄၀၄)ဦး၊ စုစုပေါင်း(၁၄၂၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)