ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် နိုင်ငံသားစီစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကိုင်ဆောင် အသုံးပြုနိုင်ရေး " မိဘပြည်သူ့များသို့ အသိပေးကြေညာချက် " ဆိုင်းဘုတ်စိုက်ထူ

ဒဂုံအရှေ့ မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မစိုစစ်ဆေးရေးဂိတ် အနီးရန်ကုန်မြို့အဝင်အမှတ် ၂ လမ်းမကြီးလမ်းသုံးခွဆုံဂိတ် အများပြည်သူများ သိရှိနိုင်မည်နေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဦးစီးမှုးရုံးက မိဘပြည်သူများသို့ အသိပေးချက်စာတမ်းပါ (၂၀၂၂) ခုနှစ် ဧပြီလ (၁) ရက် နေ့မှ စတင်၍ နိုင်ငံသားစီစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကိုင်ဆောင်အသုံးပြုနိုင်ရေးအသိပညာပေး ကြေညာချက်များပါရှိသော ၈ ပေ ၆ ပေ အရှည်ရှိ ဗွီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းအသိပညာပေးကြေညာချက်စာသားတွင်၂၀၂၂ ခုနှစ်ဧပြီလ ၁ ရက်နေ့မှ စတင်၍ ထောက်ခံစာဖြင့် ခရီးသွားလာခြင်း တည်းခို နေထိုင်ခြင်းမပြု၊ နိုင်ငံသားကတ် (မှတ်ပုံတင်) အသုံးပြုမည်နေရာတိုင်းတွင် ပြသစစ်ဆေးခံရန်၊ တာဝန်ရှိသူမှစစ်ဆေးပါက ကြည်ဖြူစွာစစ်ဆေးခံရန် ပြည်သူလူထုမှပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ရေး အစရှိသော မိဘပြည်သူသို့ အသိပေးကြေညာခြင်း ဟုရေးသား၍ စိုက်ထူထားကြောင်း သိရသည်။

အဆိုပါ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အသိပညာပေးကြေညာချက် ဗွီနိုင်းဆိုင်းဘုတ် စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကြည်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ပီးနောက် ဆက်လက်၍ နိုင်ငံသားကတ်ပြား (မှတ်ပုံတင်) ကိုင်ဆောင် အသုံးပြုနိုင်ရေးအသိပညာပေးခြင်းအဖြစ် တည်းခိုခန်းများတွင်လည်း အသိပညာပေး စတစ်ကာများကပ်ပေး သွားမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ဦးစီးမှူး ရုံးတာဝန်ရှိသူ တစ်ဦးထံက သိရသည်။

ဝင်းအိမွန်(ဒဂုံအရှေ့ပြန်/ဆက်)