သရက်ချောင်းမြို့အဝင်စစ်ဆေးရေးဂိတ်များတွင် “မိဘပြည်သူများသို့ အသိပေးပန်ကြားချက်” ဆိုင်းဘုတ် စိုက်ထူ

သရက်ချောင်း မတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံသား(မှတ်ပုံတင်)ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးအား ပြသစစ်ဆေးခံနိုင်ရေး နှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေး "မိဘပြည်သူများသို့ အသိပေးပန်ကြားချက်” ဆိုင်းဘုတ်ကို ယမန်နေ့က သရက်ချောင်းမြို့အဝင်စစ်ဆေးရေးဂိတ်တွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးက စိုက်ထူပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်၊ လဝကမှူးဦးပိုက်စိုးနှင့် ဝန်ထမ်းများက ခရီးသွားလာပြည်သူများနှင့် အများပြည်သူများ မြင်သာနိုင်သည့် သရက်ချောင်းမြို့အဝင် စစ်ဆေးရေးဂိတ်များတွင်  "မိဘပြည်သူများသို့ အသိပေးပန်ကြားချက်”ဆိုင်းဘုတ်ကို စိုက်ထူပေးခဲ့သည်။

အသိပေးပန်ကြားချက်ဆိုင်းဘုတ်တွင် မြို့နယ်ပြင်ပသို့ထွက်ခွာသည့်အခါ (လဝက)မှ ထုတ်ပေး သော နိုင်ငံသားကတ်၊ ဧည့်နိုင်ငံသားကတ်၊ အမျိုးသားမှတ်ပုံတင်ကတ်(သုံးခေါက်ချိုး)တို့ကို ခရီးသွားတိုင်းယူဆောင်သွားကြပါ၊  မှတ်ပုံတင်ရှိ/မရှိ စစ်ဆေးနေခြင်းသာဖြစ်ပါသည်၊ တာဝန်ရှိသူများမှ ယာဉ်ပေါ်တွင် လာရောက်စစ်ဆေးပါက မှတ်ပုံတင်များကို မြင်သာအောင် ထောင်ပြပြီး ကူညီကြပါ၊ မှတ်ပုံတင်မပါရှိပါက မိမိနေရပ်ကို ပြန်လည်ရောက်ရှိသည့်အခါ လျှောက်ထားနိုင်ရေးအတွက် ကူညီနိုင်ရန် အမည်၊ နေရပ်လိပ်စာ၊ ကိုယ်ရေးအချက်အလက်အမှန်ပေးကြပါ စသည်တို့ပါဝင်ကြောင်း သိရသည်။

နန်းခလိုက်(​သရက်ချောင်း)