ဟိုပုံး မတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပန်းခင်းစီမံချက်အရ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး အဖွင့်အမှာ စကားပြောကြားရာတွင် ပြည်သူတွေကို သူတို့ရဲ့နိုင်ငံသားဖြစ်မှု အရည်အချင်းပေါ်မူတည်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စသဖြင့် ကိုင်ဆောင်သင့်တဲ့ ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေး ဆောင်ရွက်ရာမှာ လွယ်ကူလျှင်မြန်စေဖို့ ဥပဒေနှင့်အညီ တတ်နိုင်သမျှ ဖြေလျော့ပြီး ပန်းခင်းစီမံချက်နဲ့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် မြို့နယ်ရုံးများကို လာရောက် ဆောင်ရွက်ရတဲ့ကိစ္စတစ်ခုကို အဆင်ပြေချောမွေ့စွာနဲ့ ငွေကြေးကုန်ကျမှုသက်သာပြီး ကိုယ့်ဒေသမှာပဲ လုပ်ငန်းခွင် အလုပ်အကိုင် မပျက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကြတဲ့အတွက် ဝမ်းသာစရာဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသည့် မြန်မာနိုင်ငံသားများဟာ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရရှိခံစားနိုင်မှာဖြစ်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်နဲ့ နိုင်ငံသားအပေါ် သစ္စာစောင့်သိ ရန်လည်းလိုအပ်ပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟာ တိုင်းရင်းသားများနဲ့ ဥပဒေအရ နိုင်ငံသားများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ပန်းခင်းစီမံချက်နဲ့ တိုင်းဒေသကြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ (၃) ရက်နေ့ အထိ (၁၈) လကြာဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း၊ ဒီလိုဆောင်ရွက်ရာမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက် ရတဲ့အတွက် ပြည်သူများ အနေနဲ့လိုအပ်သော အထောက်အထားများ မှန်ကန်ပြည့်စုံစွာဖြည့်သွင်း ဆောင်ရွက်ပေးကြဖို့နဲ့ရရှိပြီးတဲ့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို စနစ်တကျကိုင်တွယ် ထိန်းသိမ်းဖို့လည်းလိုအပ်ပါကြောင်း၊ ဒီကနေ့ ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးက ဆောင်ရွက်ပြီးတဲ့ နောင်တောင်းပရဟိတ တပ်ဦးကျောင်းမှ (၂၀၀) ကတ်၊ မြို့ဦး ရပ်ကွက် (၂၂) ကတ်၊ လွယ်အွန့်ကျေးရွာ အုပ်စု (၁၄၅) ကတ်၊ လုံခုတ် ကျေးရွာအုပ်စု (၂၁) ကတ်၊ တိလုံကျေးရွာအုပ်စု(၃၄)ကတ် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၂၂) ကတ်ကို ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်၍ အရေးပါပုံများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းတို့က နောင်တောင်း ပရဟိတတပ်ဦးကျောင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၀) ကတ်၊ မြို့ဦးရပ်ကွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၂) ကတ်၊ လွယ်အွန့်ကျေးရွာအုပ်စု နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၅) ကတ်၊ လုံခုတ်ကျေးရွာအုပ်စု နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၁) ကတ်၊ တိလုံကျေးရွာအုပ်စု နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၄) ကတ် စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၂၂) တို့ကို အသီးသီးပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူပြီးနောက် ဒေသခံတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)