ရန်ကုန် မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၂-ခုနှစ် မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပမည့် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနကျောင်းများ၌ မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးပြီး ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာစစ်ဌာနကျောင်းများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာမွေမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ အရေးပေါ် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင် ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ် / မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်များ၊ ရေအိတ်များနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အရေးပေါ် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ စာစစ်ဌာနများရှိ တာဝန်ကျ ဆရာ/ဆရာမများအား မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှု အကြိမ်ရေ (၅) ကြိမ်ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးကြောင့် တစ်ကြိမ်၊ မသမာသူများ ကြောင့် (၄) ကြိမ် ဖြစ်ပေါ်ခဲ့ကာ ဆုံးရှုံးမှုးတန်ဖိုး ငွေကျပ် (၈.၅၅) သန်းခန့်အထိရှိခဲ့တာကြောင့် ယခုနှစ်အတွင်း၌ မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာ အဆောက်အဦများအပြင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၊ စျေးဆိုင်များနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)