တာမွေမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းဆောင်ရွက်

ရန်ကုန်    မတ်    ၂၉

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ (ကျိုက္ကဆံ) ယာဉ်အပိုပစ္စည်း ရောင်းချသည့် စျေးတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ တာမွေမြို့နယ်ရှိ (ကျိုက္ကဆံ) ယာဉ်အပိုပစ္စည်း ရောင်းချသည့် စျေး၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင် အရေးပေါ် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျ မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူးအမျိုးမျိုးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်း စဉ်များကို စျေးသူ/စျေးသားများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသေးစိတ် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး မီးငြှိမ်း သတ်ရေး ကိရိယာအမျိုးမျိုးနှင့် မီးသတ်ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြှိမ်သတ်ခြင်းများ ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

 ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှုအကြိမ်ရေ (၅)ကြိမ် ဖြစ်ပွားခဲ့ပြီး ပေါ့ဆမီးကြောင့် တစ်ကြိမ်၊ မသမာသူများကြောင့် (၄)ကြိမ် ဖြစ်ပေါ်ခဲ့ကာ ဆုံးရှုံးမှုးတန်ဖိုး ငွေကျပ် (၈.၅၅)သန်းခန့်အထိ ရှိခဲ့တာ ကြောင့် ယခုနှစ်အတွင်း၌ မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာ အဆောက်အဦများအပြင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများ၊ စျေးဆိုင်များနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်