စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

သီပေါ မတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကိုယနေ့နံနက်ပိုင်းက ဆက်သွယ်ရေး(စာတိုက်)၊ တိုင်းရင်း ဆေးပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနများသို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ် ဆက်သွယ်ရေး(စာတိုက်)၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်  စားသုံးသူရေးရာဦးစီးဌာနများသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည် သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို တစ်နေရာလျှင် (၄၅)အုပ်ခန့် အသစ် ပြန်လည် လဲလှယ်ငှားရမ်း ပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုး တတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကိုသိရှိစေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ် ဖြစ်နေသူများ၊ အချိန်မရှိ၍ စာအုပ်စာပေများ လာရောက်မငှားရမ်းနိုင်သည့်သူများအတွက် ရည်ရွယ်၍ သွားရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ အလှည့်ကျ သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခင်လေး