မြစ်ကြီးနား မတ် ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွေစက်ရပ်ကွက်၊ နယ်မြေ(၁၀)၌ မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် လူနေအိမ်နှင့် အဆောက်အဦးများ ယမန်နေ့ ညနေ ၄ နာရီက မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ အလျား(၁၀)ပေ၊ အနံ (၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်မီးဖိုဆောင်ရှိ မီးဖိုမီးကြွင်း မီးကျန်မှတစ်ဆင့် အနီးရှိအိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် အလျား (၂၀)ပေ၊ အနံ(၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း၊ ခြေတံရှည် လူနေအိမ် (၁)လုံး၊ အလျား(၃၀)ပေ၊ အနံ (၂၀)ပေ သွပ်မိုး၊ထရံကာ၊ ကြမ်းခင်း (၂)ထပ် လူနေအိမ်၏ အပေါ်ထပ်၊ အလျား (၁၀)ပေ၊ အနံ (၁၀)ပေ သွပ်မိုး၊ထရံကာ၊ မြေစိုက် မီးဖိုဆောင် (၁) လုံးနှင့် အလျား (၁၅)ပေ၊ အနံ (၁၅)ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက် မီးဖိုဆောင် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထွုဋ်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင် (၃၀)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ပလန (ယာယီ) မီးသတ်စခန်းမှ တပ်ဖွဲ့ဝင် (၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီးနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ (၄) နာရီ (၄၂)မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း သိရသည်။
မီးလောင်မှုနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)