သရက်ချောင်းမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချ

သရက်ချောင်း စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင်အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ် စည်ပင်သာ ယာရေးရုံး၌ ကျင်းပသည်။

ရှေးဦးစွာ လေလံတင်ရောင်းချရေးအဖွဲ့ခေါင်းဆောင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (ကိုယ်စား) ကော်မတီအဖွဲ့ဝင် ဦးဝင်းခိုင်က အမှာစကားပြောကြားပေးပြီး စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးတင်စွမ်က လေလံလုပ်ငန်းများ၊ လေလံစည်းကမ်းချက်များ၊ စည်ပင်သာယာရေးလုပ်ငန်းများနှင့်ပက်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အရပ်ရပ်အခွင့်အရေးလိုင်စင်များကို လေလံတင်ရောင်းချရေးအဖွဲ့၊ လေလံကြီးကြပ်ရေးအဖွဲ့တို့မှ ဈေးပြိုင်စနစ်ဖြင့် မြို့နယ်အတွင်းရှိ ဝက်သားသတ်လိုင်စင် (၇) ခုနှင့် အမဲသားသတ်လိုင်စင် (၂) ခုတို့ကို လေလံတင်ရောင်းချပေးခဲ့သည်။ အဆိုပါလေလံတင်ရောင်းချပွဲသို့ မြို့နယ်လေလံရောင်းချရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ လေလံလာဆွဲသူများ တက်ရောက်ကြကြောင်း သိရသည်။

သရက်ချောင်း (ပြန်/ဆက်)