ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Uni Energy Co.,Ltdတို့ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး

တောင်ကြီး စက်တင်ဘာ ၁

Uni Energy Co.,Ltd သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ နမ်းမချောင်း ပေါ်တွင် 25.2 မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်မည့် နမ့်မရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် MOA လက်မှတ်ရေးထိုးခြင်းကို ယမန်နေ့  မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က Uni Energy Co.,Ltd နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးတို့သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် နမ့်မ ရေအားလျှပ်စစ်စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပြီး နမ့်မ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်မြောက်နိုင်ချေ လေ့လာမှုအစီရင်ခံစာ (FSR- Feasibility Study Report)ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ နမ့်မ ၂၅.၂ မဂ္ဂါဝပ်ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နိုင်ရေးအတွက် သဘော တူညီမှုစာချုပ် MOA ကို ချုပ်ဆိုရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း နမ့်မ ၂၅.၂ မဂ္ဂါဝပ် ရေအား လျှပ်စစ် ထုတ်လုပ်ခြင်း စီမံကိန်းကို တည်ဆောက်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓါတ်အားကို ဒေသအတွင်း အသုံးပြုကာ ပိုလျှံသော ဓါတ်အားကို နိုင်ငံတော်ပိုင် မဟာဓါတ်အားလိုင်းအတွင်း ထည့်သွင်းရန် ရည်ရွယ်ချက် ထားရှိပါကြောင်း၊ နမ့်မ ၂၅.၂ မဂ္ဂါဝပ် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း(59.547) ကျခံ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် Uni Energy Co.,Ltd ထံမှ မြေအသုံးချမှု ပရီမီယံ ကြေးအဖြစ် ငွေကျပ်သိန်း(၁၀၀) ရရှိမှာဖြစ်ပြီး စီမံကိန်း ဆောင်ရွက်မည့် မြေငှား ရမ်းခအဖြစ် တစ်နှစ်လျှင် တစ်ဧကကို ငွေ ကျပ်(၅၀၀၀၀)နှုန်း ရရှိမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့မှ လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ခွင့်ပြုသူ၏ ရပိုင်ခွင့်များအနေဖြင့် ခိုင်ကြေး(Royal Fees) အဖြစ် ထွက်ရှိလာသော ဓါတ်အားကို လစဉ်ရောင်းချသည့် လျှပ်စစ်ယူနစ်အပေါ် ကောက်ခံငွေ တွက်ချက်၍ တစ်ယူနစ်လျှင် (၅ %) ရရှိမှာဖြစ်ပြီး နမ့်မ ၂၅.၂ မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းမှ ထွက်ရှိ လာမည့် ဓါတ်အားများကို ဒေသအတွင်း အသုံးချနိုင်ရေးအတွက် Isolated Grid တည်ဆောက်လျက် ဖြန့်ဖြူး သွားမည်ဖြစ်ကြောင်းနှင့် ယင်းမှ Exceed Energy ကို ၆၆ ကေဗွီဓါတ်အားလိုင်းအဖြစ် အနီးဆုံး ဓါတ်အား ခွဲရုံသို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ပြောကြား သွား သည်။

ဆက်လက်၍ သဘောတူညီချက်စာချုပ် MOA များအား လက်မှတ်ရေးထိုးရာ EiksietanCo.,Ltdမှ ဆောင်ရွက် လျက်ရှိသည့် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ စခန်းကြီး ကျေးရွာ မြေဧရိယာ (၂၅)ဧကရှိ မြေပေါ်တွင် “Oakland Villas” တည်ဆောင်ရေးစီမံကိန်း၊ NyaungShwe Eighty One Co.,Ltd မှ ဆောင်ရွက် လျက်ရှိသည့် ညောင်‌ရွှေမြို့နယ်၊ တောင်ခြေကျေးရွာအုပ်စု၊ မြေဧရိယာ (၁၃.၄၇)ဧကရှိ မြေပေါ် တွင် ဟိုတယ်နှင့် အပန်းဖြေစခန်းစီမံကိန်း၊ Ohsi Mountain Co.,Ltd မှဆောင်ရွက်လျက်ရှိသည့် ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ မြင်းကကျေးရွာ ကုမ္ပဏီပိုင် မြေဧရိယာ (၃၈.၁)ဧကရှိ မြေပေါ်တွင် Kalaw Villa အပန်းဖြေအိမ်ရာစီမံကိန်းနှင့် Uni Energy Co.,Ltdမှ ဆောင်ရွက်လျက်ရှိသည့် ကျောက်မဲခရိုင်၊ သီပေါမြို့ရှိ၊ နမ့်မချောင်းပေါ်တွင် အသေးစားရေအား လျှပ်စစ် ဓါတ်ရုံ တည်ဆောက်၍ လျှပ်စစ်ဓါတ်အား ထုတ်လွှင့် ဖြန့်ဖြူးရေးစီမံကိန်းတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လက်မှတ်ရေးထိုးကြပြီး သဘော တူညီမှုစာချုပ်များအား အပြန်အလှန်လဲလှယ်ကြကြောင်း သိရှိရသည်။

‌မောင်မောင်သန်း(တောင်ကြီး)