မြစ်ကြီးနား မတ် ၂၆
ကချင်ပြည်နယ်အတွင်း လတ်တလော နယ်မြေလုံခြုံရေးအခြေအနေအရ ပူတာအိုမြို့နယ် အတွင်းရှိ ကျေးရွာများအပါအဝင် ပြည်နယ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် ပြည်သူများ အား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာ၊ NGO ၊ INGO များ၊ အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး အတွက် အဓိကထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လတ်တလော နယ်မြေ လုံခြုံရေး အခြေအနေအရ ပူတာအိုခရိုင်အတွင်းရှိ ကျေးရွာများမှ နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများ အား ကူညီထောက်ပံ့မှုပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့၏ ညီနောင်သား ချင်း၊ မိသားစုများအား ပံ့ပိုးကူညီထောက်ပံ့ပေးနိုင်ရေး မိမိတို့အစိုးရအဖွဲ့တစ်ခုတည်း သာမက အားလုံးက ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် အစည်းအဝေး တက်ရောက်လာသူများက ပူတာအိုခရိုင်အတွင်းရှိ လုံရှာယန်ကျေးရွာ၊ ဆွတ်ပီယန်ကျေးရွာများနှင့် မိုးမောက်မြို့နယ်အတွင်းရှိ ပြည်သူများ လတ်တလော နယ်မြေလုံခြုံရေး အခြေအနေအရ နေရပ်စွန့်ခွာ တိမ်းရှောင်လာခဲ့မှု အခြေအနေများ၊ နန်ဆန်ယန်ကျေးရွာတွင် ထပ်မံရွေ့ပြောင်းလာသော အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ပေးရေးလုပ်ငန်းစဉ်များ၊ နယ်မြေလုံခြုံရေးအရ မြစ်ကြီးနား၊ ပူတာအိုတို့တွင် တိမ်းရှောင်နေသော ပြည်သူများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ကူညီထောက်ပံ့မှုပေးနိုင်ရေးတို့အတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သုံးသပ်အကြံပြုရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီ လုပ်ငန်းရှင်များက ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မကြာခင်ရောက်ရှိတော့မည့် မိုးတွင်းကာလတွင် အခက် အခဲများနှင့် ပိုမိုရင်ဆိုင်ကြရာမည်ဖြစ်သည့်အတွက် ကူညီထောက်ပံ့မှုများ အမြန်ဆုံးဆောင်ရွက် ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်