(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

သင်္ဃန်းကျွန်း   မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီတွင် မူလတန်းကျောင်းသား ကျောင်းသူလေးများအား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူလေးများအား ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခရိုင်ဦးစီးမှူးက ကလေးငယ်လေးများအား ပြိုင်ပွဲကျင်းပခြင်း ရည်ရွယ်ချက်နှင့် ကလေးငယ်များ အသိပညာ ဗဟုသုတနှင့် ဉာဏ်ရည် ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကာယဉာဏစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ပူဖောင်းမှုတ်၊ ပူဖောင်းဖောက်၊ ခုံလုပြိုင်ပွဲများ ယှဉ်ပြိုင်ပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူလေးများအား ခရိုင်ဉီးစီးမှူးနှင့် တာဝန်ရှိသူ အသီးသီးမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသားကျောင်းသူများမှ ပြသထားရှိသောနံရံကပ်စာစောင်တွင်(၇၇ )နှစ်မြောက် ဦးတည်ချက်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်နေ့ ဖြစ်ပေါ်လာပုံများ၊ တပ်မတော်၏အဓိကတာ၀န်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာ၀န်များ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံများ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ် အစရှိသည်များအပြင် နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်းများ၊ ကောက်နုတ်ချက်များ အစရှိသည်တို့ကို ပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ်၀င်တစားကြည့်ရှုကြကြောင်း သတင်းရရှိသည်။

စန္ဒာမိုး