ရှမ်းပြည်နယ်အတွင်း မီးရရှိရေးသည်အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်

တောင်ကြီး   မတ်   ၂၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တိမ်စင်ကြယ်ကုမ္ပဏီမှ လာရောက်တွေ့ဆုံရှင်းလင်းခြင်းကို ယနေ့ နံနက် (၁၀)နာရီ က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ်ရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ရေအားလျှပ်စစ်စီမံကိန်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနေဖြင့် ဆောင်ရွက်သည့် ကုမ္ပဏီအရေအတွက်မှာ (၃၆)ခု၊ စီမံကိန်းအရေအတွက် (၅၀)ခု၊ ဌားရမ်းစာချုပ် ()ခု၊ နားလည်မှုစာ ချွန်လွှာ MOU(၃၃)ခုနှင့် သဘောတူစာချုပ် MOA(၁၃)ခုတို့ လက်မှတ်ရေးထိုး ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း မီးရရှိရေးသည်အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ပြီး ယခုအခါ မိမိတို့ပြည်နယ်အတွင်း စာရင်းရှိ အိမ်ထောင်စုမှာ (၁၁၆၉၅၆၉)စုရှိပြီး မီးသုံးစွဲလျက်ရှိသည့် အိမ်ထောင်စုမှာ (၆၁၄၅၁၅)စု၊ မီးရရှိရန်ကျန်သည့် အိမ်ထောင်စုမှာ (၅၅၅၀၅၄)စုဖြစ်သောကြောင့် ရာခိုင်နှုန်းအနေဖြင့် မီးရရှိသုံးစွဲလျက်ရှိသော အိမ်ထောင်စုမှာ (၅၂.၅၄)ရာခိုင်နှုန်းနှင့် မီးရရှိရန်ကျန်သည့် အိမ်ထောင်စုမှာ (၄၇.၄၆)ရာခိုင်နှုန်း စိစစ်တွေ့ရှိရပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုများကို အစဉ်တစိုက် ဖိတ်ခေါ်လျက်ရှိရာ ယခုကဲ့သို့ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်မှ သတ်မှတ်ထုတ်ပြန်ထားသည့် စည်းမျဉ်းများ၊ ပြည်ထောင်စုလျှပ်စစ်ဥပဒေနှင့် ပြည်နယ်အလတ်စား၊ အသေးစား၊ လျှပ်စစ်ဥပဒေများနှင့် လာရောက်တွေ့ဆုံရှင်းလင်းတင်ပြသည့် ရေအားလျှပ်စစ်ထုတ်ယူနိုင်ရေး ရှေ့ပြေးတိုင်းတာစမ်းသပ်မည့် လုပ်ငန်းကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ကုမ္ပဏီအနေဖြင့် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်မှ ရေအားလျှပ်စစ်နှင့် ပတ်သက်၍ ရှင်းလင်းပြီး တိမ်စင်ကြယ်ကုမ္ပဏီတာဝန်ရှိသူများမှ ရှင်းလင်း၍ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများမှ အထွေထွေဆွေးနွေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)