ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနပြုလုပ်မည့်ကျောင်းအား မီးဘေးကြိုတင် ကာကွယ်ရေးစစ်ဆေး ဆောင်ရွက်

ဆိပ်ကြီးခနောင်တို မတ် ၂၅

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလာမည့် မတ်လ ၃၁ ရက်နေ့တွင် စတင် ကျင်းပတော့မည် ဖြစ်ရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌  တက္ကသိုလ်ဝင် စာမေးပွဲအတွက် စာစစ်ဌာနပြုလုပ်မည့် အခြေခံပညာအထက်တန်းကျောင်း (အထက- ခနောင်တို)အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက မြို့နယ်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ အဆိုပါကျောင်းတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း ဦးဆောင်၍ မြို့နယ်မီးသတ် ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ရုံးမှ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများက ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များ ပါဝင်လျက် ကျောင်းအတွင်း လျှပ်စစ်ဓာတ်ကြိုးနှင့် လျှပ်စစ်မီးများ တပ်ဆင် အသုံးပြုနေမှုအခြေအနေ၊ စာမေးပွဲခန်းပြုလုပ်မည့် အခန်းများ လျှပ်စစ်မီးရရှိမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ စာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း မီးလန့်မှုနှင့် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အထူးဂရုပြု ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများနှင့် မီးသတ်ဆေးဘူးထားရှိရေးတို့ကို လိုက်လံစစ်ဆေး အကြံပြုပြောကြားခဲ့ကြောင်း သိရ သည်။

ဝေယံ(IPRD)