ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့ နွေရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပုသိမ်ကြီး မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန(၅)ခု သို့ နွေရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်မီးလန့်မှုမရှိစေရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက  မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များဖြင့်  လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများဖြစ်သည့် အထကပုသိမ်ကြီး၊ အထကခွဲ မြကန် သာ၊ အထကခွဲဆင်ရွာကြီး၊ အထကခွဲ ကျောက်မီးနှင့် အထကခွဲအုန်းချောတို့သို့ နွေရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်မီးလန့်မှု မရှိစေရေးနှင့် မီးဘေး လုံခြုံရေးအတွက် စာသင်ကျောင်းများရှိ အဆောက်အဦများ၊မီးချိတ်မီးကပ်၊ မီးသတ်ဆေးဗူးထားရှိမှုနှင့် လိုအပ်သည်များအား လိုက်လံ စစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ဆရာ၊ ဆရာမများအား မီးသတ်ဆေးဗူး စနစ်တကျအသုံးပြုနည်းကို ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်တွင်းရှိ စာစစ်ဌာန(၅)ခုတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူများ စိတ်လက်အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရန် စာသင်ကျောင်းများအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းသန့်ထံမှ သိရသည်။

ဇာနည်ကိုကို