တံတား မတ်၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုး သူများအသင်း (Youth Club) အဖွဲ့များပူးပေါင်း၍ အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေ ဗဟုသုတများ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ရှိန် မြှင့်တင်နိုင်ရေးအတွက် စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် “လူငယ်များ၏ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် ယနေ့လူငယ်တို့၏ အခန်းကဏ္ဍသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှု၊ ဘာသာတရား၊ စာပေဂီတ အမွေအနှစ်တို့ကို လက်ဆင့်ကမ်း အမွေခံယူကြမှာဖြစ်သည့်အတွက် အလွန်အရေးပါလှကြောင်း၊ လူငယ်များသည် အနာဂတ် ၏ ခေါင်းဆောင်များဖြစ်ကြောင်း၊ တိုးတက်ကောင်းမွန်သော လူငယ်တို့သည် ကြီးကျယ် မြင့်မြတ်သော အနာဂတ်ကို ဖန်တီးနိုင်ကြောင်း ဆွေးနွေးပြီးနောက် စာပေချစ်မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့ဝင် မခင်ချယ်ရီသန့်မှ “နွေရာသီကျောင်းပိတ်ရက်ကလေးများ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မထူးမြတ်သွယ်မှ “ပြောင်းလဲတိုးတက်သောကိုယ်ရည်ကိုယ် သွေးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော စာပေဝါသနာရှင်များမှလည်း ဝိုင်းဝန်းဆွေးနွေးကာ အတွေးအမြင် ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
မိုးဖြူလွင် (ပြန်/ဆက်)