တံတား မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့စာကြည့်တိုက်ကြီးကြပ်မှု ကော်မတီမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျေးရွာရှိလူငယ်များအား စာအုပ်စာပေကို အာရုံစိုက်မှုများ လာစေရန်၊ စာကြည့်တိုက်ကို စိတ်ဝင်စားမှုရှိလာစေရန် မိမိတို့အနေဖြင့် စည်းရုံးကြရမှာဖြစ်ကြောင်း ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က မိမိတို့ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာအုပ်စာစောင်များ တိုးပွားလာစေရေးအတွက် ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီကို အဖွဲ့ဝင်(၆)ဦးဖြင့် ဖွဲ့စည်းခဲ့ရာ ဦးအောင်ဆွေ (မြို့နယ်စာရေးဆရာအသင်း)က ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်(ပြန်/ဆက်)