ဆိုလာအသေးစားဓာတ်အားလိုင်းစနစ်(Solar Mini-grid ) မီးလင်းရေးဖွင့်ပွဲနှင့်ကျေးလက် ကုန်ထုတ်လမ်းဖွင့်ပွဲကျင်းပ

ကော့သောင်း မတ်၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)အား နိုင်ငံတော်၊ ကုမ္ပဏီ၊ ပြည်သူတို့ဖြင့် ပူးပေါင်းဆောင်ရွက်သည့် ဆိုလာအသေးစားဓာတ်အား လိုင်းစနစ် (Solar Mini-grid ) မီးလင်း ရေးဖွင့်ပွဲနှင့် ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  ကော့သောင်း မြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊အောင်ဘာကျေးရွာ တွင်ကျင်းပသည်။

ရှေ့ဦးစွာ ဆိုလာအသေးစားဓာတ်အားလိုင်းစနစ် (Solar Mini-grid ) မီးလင်းရေးနှင့် ကျေးလက် ကုန်ထုတ်လမ်းအား တနင်္သာရီ တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးရဲခေါင်၊ ကော့သောင်းမြိုနယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် Mega Global Green AutoMation Co,Ltd မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဇော်အောင် တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးရဲခေါင် ကအဖွင့်အမှာစကားပြောကြားကာ Mega Global Green AutoMation Co,Ltd မန်နေဂျင်းဒါရိုက်တာ ဦးဇော်ဇော်အောင်မှ ဆိုလာအသေးစား ဓာတ်အားလိုင်း စနစ်(Solar Mini-grid) မီးလင်းရေးနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှု များကို ရှင်းလင်းပြောကြားပြီး ဧည့်တော်များအား အမှတ်တရလက်ဆောင်ပေး အပ်သည်။

ထို့နောက်ဒေသခံကျေးလက်ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသည့်ဧည့်တော်များက ကျေးလက် (Solar Mini-grid) မီးလင်းရေးကမ္ဗည်းမော်ကွန်းစာအား အမွှေးနံ့သာရည်များပက်ဖြန်းပေးကြကာ ဆိုလာမီးလင်းရေး စက်ရုံအတွင်းနှင့် ကျေးရွာကုန် ထုတ်လမ်း ဆောင်ရွက်ထားရှိမှုတို့အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ (Solar Mini-grid ) မီးလင်းရေးကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ပြည်သူများ နှင့် MGGA ကုမ္ပဏီတို့ပူးပေါင်းကာ ၂၀၃၀ပြည့်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)ဖြင့် မဟာဓာတ်အားလိုင်းပြင်ပကျေးရွာများမီးလင်းရေးကို ဆောင်ရွက်ခြင်း ဖြစ်ပြီး တနင်္သာရီတိုင်းအတွင်း(Solar Mini-grid ) မီးလင်းရေးစီမံကိန်း လုပ်ငန်း(၃၄)ခုအနက် ယနေ့ဖွင့်လှစ်သည့် အောင်ဘာ ကျေးရွာအပါအဝင် စီမံကိန်းလုပ်ငန်း (၃၁)ခုပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ဆိုလာအသေးစားဓာတ်အားလိုင်းစနစ်ဖြင့် အောင်ဘာ ကျေရွာအတွင်းအိမ်ထောင်စု(၁၇၃)စုအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ထို့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှတာဝန်ယူ၍  ကုန်ကျငွေကျပ် (၁၃၆.၇၁၅)သန်း သုံးစွဲကာ တံတားငယ်(၂)စီးအပါအဝင် အရှည်၂မိုင်၂ဖါလုံရှိ အောင်ဘာ ကျေးရွာကုန်ထုတ်လမ်း ဖေါက်လုပ်ပြီးစီးခဲ့သဖြင့် ကျေးလက်ပြည်သူများ၏ စိုက်ပျိုးမြေ (၈၀၀) ဧကခန့်မှ စိုက်ပျိုးရေး ထွက်ကုန်များကိုဈေးကွက်သို့အဆင်ပြေ မြန်ဆန်စွာပို့ဆောင်နိုင်ကြမည် ဖြစ်ကြောင်းသိရသည်။

ကျော်စိုး(ကော့သောင်း)