ဝေါလေမြိုင်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဝေါလေမြိုင် မတ် ၂၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေ ရန်နှင့် ဘဝရည်မှန်းချက် ပန်တိုင်များကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်စေရန်ရည်ရွယ်၍ ဝေါလေမြိုင်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကို မတ်၂၂ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဝေါလေမြိုင်မြို့ အုပ်ချုပ်ရေးမှူး ဦးကောင်းရီက လူငယ်များအနေဖြင့် ရည်မှန်းချက် ထားရမည်ဖြစ်ကြောင်း၊ လူငယ်တစ်ယောက်အနေဖြင့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ရမည်ဖြစ်ကြောင်းနှင့်   လူငယ်များအနေဖြင့်   မိမိဘဝ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရန် လေ့လာသင်ယူသင့်သည့်အချက်များကို လေ့လာသင်ယူရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းဝေဦးက လူငယ်များ အနေဖြင့် စာတတ်ဖို့၊ ပညာတတ်ဖို့ အရေးကြီးကြောင်း၊ စာတတ်မှ ပညာတတ်မှ ဘဝနေထိုင်ရပ်တည်မှု    အဆင်ပြေမှာဖြစ်ကြောင်း၊ လူငယ်တွေဆိုတာ နိုင်ငံရဲ့ အနာဂတ်ဖြစ်သည့်အတွက် အသိပညာ၊ ဗဟုသုတတိုးပွားအောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)