ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

ပလောက်  မတ်  ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင်  ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းမကြီး၌ ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ ဖြင့် လူမျိုး၊ ဘာသာမရွေး ခရီးသွားလာသူ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိစစ်ဆေးခြင်း နှင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲ အချိန်ခန့်က ပလောက်တံတားဂိတ်အရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ်ရှိသူများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသူ ခရီးသွားပြည်သူ များကို အထိုင်ချစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်