မိတ္ထီလာ မတ် ၂၅
မိတ္ထီလာမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းများကိုမတ်လ ၂၅ ရက်နေ့မှ စတင်ပြီး အခမဲ့ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။
မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေနဲ့ ကျောင်းသား၊ ကျောင်းသူများ နွေရာသီ အားလပ်ရက်တွေမှာ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ဖို့အတွက် နွေရာသီအားကစားသင်တန်းများကို ဒီနေ့စတင်ဖွင့်လှစ်ပို့ချပါတယ်။ ဒီနေ့ဖွင့်တာကတော့ ခရိုင်ပြန်/ဆက်ဦးစီးဌာနနဲ့ပူးပေါင်းပြီး မြန်မာ့သိုင်းနဲ့ Fitness dance သင်တန်းတွေဖြစ်ပါတယ်။ ဆက်လက်ပြီး ဘောလုံး၊ ဘော်လီဘော၊ ကရာတေး၊ ရိုးရာခြင်း၊ ကြက်တောင် သင်တန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်တန်းအားလုံးရဲ့ သင်တန်း ကာလကတော့ မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့ အထိဖြစ်ပါတယ်ဟု မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သွယ်သွယ်အောင်က ပြောသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများသို့ တက်ရောက်လိုသူများအနေဖြင့် ဒေါ်သွယ်သွယ်အောင်၊ နည်းစနစ်မှူး၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန 09252351113 သို့ ဆက်သွယ် စာရင်းပေးသွင်းပြီးတက်ရောက်နိုင်ကြောင်း သိရသည်။
ချမ်းသာ