ဥတ္တရသီရိမြို့နယ်တွင် မြစိမ်းရောင်(အသားကဏ္ဍ)လည်ပတ်ရန်ပုံငွေလက်ဆင့်ကမ်းပေးအပ်

ဥတ္တရသီရိ မတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မြစိမ်းရောင် (အသားကဏ္ဍာ) လည်ပတ်ရန်ပုံငွေ လက်ဆင့်ကမ်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ဥတ္တရသီရိမြို့နယ် သရက်တော ကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာတွင်ကျင်းပသည်။

အခမ်းအနားတွင် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းယုက အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာတင်ထွန်းက မြစိမ်းရောင် (အသားကဏ္ဍာ) လည်ပတ်ရန်ပုံငွေ လက်ဆင့်ကမ်း ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်းနှင့် ဆောင်ရွက် ရမည့်လုပ်ငန်းများနှင့် လိုက်နာရန်စည်းကမ်းများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ မြစိမ်းရောင် (အသားကဏ္ဍာ) လည်ပတ်ရန်ပုံငွေ လက်ဆင့်ကမ်းသဘောတူ စာချုပ်နှင့် ရန်ပုံငွေကျပ် သိန်း(၃၆၀)အား ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီထံသို့ လွဲပြောင်းပေးအပ်သည်။ မြစိမ်းရောင် (အသားကဏ္ဍာ) လည်ပတ်ရန်ပုံငွေ လက်ဆင့်ကမ်းပေးအပ်ရာတွင် လူတစ်ဦးလျှင် နွားတစ်ကောင်နှုန်း မွေးမြူနိုင်ရန်အတွက် နွားတစ်ကောင်လျှင်ငါးသိန်းနှုန်းဖြင့် လူဦးရေ (၇၂)ဦး အတွက်ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)