မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် Mobile ပူးပေါင်းအဖွဲ့မှ ကျေးရွာများအရောက် ဆက်လက်ထိုးနှံပေး

မောက်မယ် မတ်၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး/မပြီး၊ ဆေးထိုးပြီးကြောင်းသက်သေခံ လက်မှတ်ရှိ/မရှိကို နမ့်လွတ်ကျေးရွာအုပ်စုရှိ နမ့်လွတ်ကျေးရွာ၊ ကွန်ခံကျေးရွာ၊ ဖာဟင်ကျေးရွာ၊ ကွန်မခေ ကျေးရွာနှင့်က ဒူးလေးကျေးရွာအတွင်း  ကွင်းဆင်း စစ်ဆေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက စတင်ပြီး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ 

ထိုသို့လိုက်လံစစ်ဆေးရာတွင်  အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုဗစ်-၁၉ကာကွယ်ဆေးအား ထိုးနှံပြီး/မပြီးနှင့် ဆေးထိုးပြီး ကြောင်း သက်သေခံလက်မှတ်များ ရှိ/မရှိတို့ကို စစ်ဆေး ဆောင်ရွက်ရာ သတ်မှတ်ထားသည့် ကျောင်းတော်ဘုန်းကြီးကျောင်း ကာကွယ်ဆေးထိုးစုရပ်တွင် ချက်ခြင်းထိုးနှံစေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာ၌ မကျန်ရှိစေရေး ကျေးရွာများရှိပြည်သူများကိုစည်းရုံးပြီး ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 စိုင်းမျိုးသန့်(မောက်မယ်)