မြဝတီမြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

မြဝတီ မတ် ၂၃

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ‌ခရိုင်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့နှင့်မြို့နယ် ကြက်‌‌ခြေနီတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် လူသွား၊ လူလာများသည့် လမ်းဆုံ၊ လမ်းခွနေရာများသို့ သွားရောက်ကာ လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။

အဆိုပါ နှိုးဆော်မှုတွင် မိမိအိမ်ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေးရန်၊  အိမ်အနီးရှိ ကျိုးနိုင်သော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်လင်းရန်၊ မိသားစုများ အရေးပေါ် ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားရန်၊ မုန်တိုင်းဖြစ်ပြီး ချိန်တွင်    ရှောင်ရှားသင့်သည့်   အချက်များနှင့် မုန်တိုင်းများ၏ အန္တရာယ်ကို နားလည် သဘောပေါက် လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များ ပါဝင်ပြီး မုန်တိုင်း ဘေးပညာပေး လက်ကမ်း စာစောင်များကို လည်း ဖြန့်ဝေပေးသည်။

ထို့အပြင် ကိုဗစ်-၁၉   ဗီဇပြောင်း   အိုမီခရွန်ရောဂါ   ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသံချဲ့စက်ဖြင့် နှိုးဆော်ဆောင်ရွက်သည့်အပြင် နှာခေါင်းစည်း မတပ်ဆင်သူများအား  နှာခေါင်း စည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)