မောက်မယ်မြို့နယ်၌ ကျောင်းသား / သူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မောက်မယ် မတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း နှင်းဆီဆောင်ခန်းမ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက ကျောင်းသား/ သူ များအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ ခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ် ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန်းမိုခမ်းက လူငယ်နှင့်ရည်မှန်းချက်နှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်ရေး၊ စာတတ်ဖို့သာမက ပညာတတ်ဖို့သာအဓိကစသည့် ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး  ဦးထွန်းနေအောင် ကလူငယ်များ စိတ်ဓါတ်ကောင်းမွန်ရေးနှင့် စည်းကမ်း လိုက်နာရေး၊ လူငယ်နှင့် အကျင့်စာရိတ္တ‌‌ကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုင်းမြင့်ဆွေက အားကစားဆိုင်ရာ အသိပညာပေးဆွေးနွေးရာ ကျောင်းသား / သူများအနေဖြင့် မိမိတို့ နှစ်သက်ရာအားကစားများကို လှုပ်ရှားဆောင်ရွက်သွားကြ စေလိုကြောင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် မူးယစ်ဆေးအန္တရာယ်၊ အားကစားလှုပ်ရှားခြင်းဖြင့် ကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ မိမိတို့ရဲ့ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း စသည့်ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး အားကစားနှင့် ပတ်သက်သည့်မေးခွန်း များ၏ အနီးစပ်ဆုံးဖြေဆိုနိုင်သော ကျောင်း / သူများအား အားကစားပစ္စည်းများ အမှတ်တရပေးခဲ့ကြောင်း သိရသည်။ 

စိုင်းမျိုးသန့်(မောက်မယ်)