ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း

ကြာအင်းဆိပ်ကြီး မတ် ၂၃

ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကရင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကျေးရွာအုပ်စု /ကျေးရွာများ၌ ဖွင့်လှစ်ထား သည့် ကျေးရွာစာကြည့်တိုက်များသို့ သုတ ရသ စာအုပ်များအား ပေးအပ်လှူဒါန်းလျက်ရှိရာ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် အတွင်းရှိ  ကျေးရွာစာကြည့်တိုက်များသို့ သုတရသ စာအုပ်များအား ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း ချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါကျေးရွာစာကြည့်တိုက်များသို့ စာအုပ်များပေးအပ်လှူဒါန်းပွဲတွင် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး (အငြိမ်းစား) ပညာ ရေးဌာနမှ ဆရာမကြီးဒေါ်ခင်လှဝေမှကျေးရွာစာကြည့်တိုက်များသို့ ဖောင်ဒေးရှင်းအနေ ဖြင့် စာအုပ်များပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းအမှာစကား ပြောကြားသည်။

ထို့နောက်စာအုပ်လှူဒါန်းပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာအုပ်စု ကျေးရွာများမှ စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက် တာဝန်ခံများအား ကရင်ပြည်နယ်စာကြည့်တိုက် များဖောင်ဒေးရှင်း အဖွဲ့ဝင် ဆရာမကြီးမှ သုတ ရသ စာအုပ်များအား ကျေးရွာ (၁၀)ရွာမှ စာကြည့်တိုက်(၁၀)တိုက်အတွက် တစ်တိုက်လျင်စာအုပ်(၃၀)အုပ်နှုန်းဖြင့် စုစုပေါင်း စာအုပ် (၃၀၀)အုပ်အား လက်ဝယ် အရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး