နောင်တရား မတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်း အဖြစ်ထုတ်ဝေသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယမန်နေ့ နံနက်ပိုင်းတွင် ဖြန့်ဝေသည်။
(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူမင်းအောင်လှိုင်၏ (၇၆)နှစ် မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ကာကွယ်စောင့်ရှောက်သွားမည်သာ ဆောင်းပါးနှင့် ကဗျာဆရာ စိုးမိုး(ပုသိမ်)၏ နွေအလှကဗျာများ ပါဝင်သည်။ အဆိုပါ သတင်းစကားလက်ကမ်း စာစောင်ကို နောင်တရားမြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ နောင်တရား ဈေးအတွင်းရှိ ဈေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အလုပ်ရုံများတွင် သတင်းစကား လက်ကမ်းစာစောင် (၂၀၀) စောင်ကို အသိပညာပေး ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)