မိုင်းကိုင် မတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် အ.ထ.က (မိုင်းကိုင်)စာစစ်ဌာန၌ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာယာစွာဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသည့် ကာလအတွင်း လုံခြုံရေးနှင့် မီးဘေးလုံခြုံရေးဆောင်ရွက်နိုင်ရန် ကျောင်းအတွင်းစည်း၊ အပြင်စည်းများ တာဝန်ချထားခြင်း၊ ပတ်ဝန်းကျင်ဆူညံမှု မရှိစေရေးစာမေးပွဲဖြေဆိုသည့်ရက်များတွင် အရက်သေစာရောင်းချခြင်း၊ ဘိလိယက်ခုံများ ဖွင့်လှစ်ခြင်းမရှိစေရန်ကြီးကြပ်ခြင်း၊ကျန်းမာရေးကြည့်ရှုစောင့်ရှောက်သည့်အဖွဲ့ ထားရှိနေရာချထားခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် စာစစ်ဌာနပတ်ဝန်းကျင်နှင့် စာသင်ခန်းများအတွင်းရှိ ဝါယာကြိုးများ၊ လျှပ်စစ်ပစ္စည်း များအားစစ်ဆေးခြင်း၊ကိုဗစ်-၁၉ရောဂါစစ်ဆေးခြင်းနှင့်ကျန်းမာရေးအရ ကိုဗစ်-၁၉ရောဂါကူး စက်ခံရသည့်ကျောင်းသား
ကျောင်းသူရှိပါက သီးသန့်ဖြေဆိုနိုင်သည့် စာဖြေခန်းများအား စီစဉ်ဆောင်ရွက်ထားခြင်းနှင့် ဆေးကုသမည့် အစီအစဉ်များ ဆောင်ရွက်ထားရှိခြင်း၊ အချိန်နှင့်တပြေးညီ အဆင့်ဆင့်သတင်းပို့သည့်စနစ်များ ဆောင်ရွက်ခြင်းစသည်တို့ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။
မိုင်းကိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည့် အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲနှစ်ကျောင်းတို့မှ ကျောင်းတွင်းဖြေနှင့် ကျောင်းပြင်ပ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ များမှာ ကျောင်းသား ၂၃ ဦး၊ ကျောင်းသူ ၈၃ ဦး၊ စုစုပေါင်း ၁၀၆ ဦးရှိကြောင်း ပညာရေးဌာန၏ စာရင်းများအရ သိရှိရသည်။
မြို့နယ်ပြန်/ဆက်