ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ပင်းတယ မတ် ၂၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ)၊ ပင်းတယမြို့နယ်ပညာရေးဦးစီးဌာနနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းကာ ယနေ့မွန်းလွှဲပိုင်း (၁) နာရီက ပင်းတယမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကြို/သက်)ပညာ့ရောင်ခြည်ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊"လူငယ်နှင့်စည်းကမ်း" ခေါင်းစဉ်ဖြင့် ဟောပြောပေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ယခုလို ဟောပြောပွဲ ကျင်းပရခြင်းမှာတိုင်းပြည်၏ အနာဂတ် လူငယ်များဖြစ်တဲ့ ကျောင်းသား/သူလူငယ်များအား ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တ ကောင်းမွန်သော လူတော်လူကောင်းများ ဖြစ်လာစေရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတိုင်းပြည်အပေါ် ချစ်မြတ်နိုးစိတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ကိန်းအောင်းကြစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ "လူငယ်နှင့် စာရိတ္တ" ဆိုသည့် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင် က  " လူငယ်နှင့်အားကစား  " ခေါင်းစဉ်နှင့် နွေရာသီ အခြေခံ အားကစားသင်တန်း ဖွင့်လှစ်ပေးမည့် အခြေအနေများကိုလည်း ကောင်း၊ အခြေခံပညာအထက် တန်းကျောင်း(ကြို/သက်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစိုးသန်းက"လူငယ်နှင့် မျိုးချစ် စိတ်ဓာတ်" ခေါင်းစဉ်ဖြင့်အသီးသီး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ယင်းနောက်  ဟောပြောပွဲသို့ တက်ရောက်လာကြသည့်   ကျောင်းသား/သူ များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ ဝန်ထမ်းများက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် "သတင်း စကား" လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။

ပင်းတယ(ဒေသပြန်/ဆက်)