မြစ်ကြီးနား မတ် ၂၂
ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ပြည်သူသမ္မတနိုင်ငံနှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မော်တော်ယာဉ်အစီးရေ တိုးမြှင့် သတ်မှတ်နိုင်ရေးနှင့် မော်တော်ယာဉ်များ စနစ်တကျ တင်ပို့နိုင်ရေးအတွက် မြန်မာ-တရုတ်ကုန်စည် ပြန်လည်စီးဆင်းနိုင်လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ် နိုင်ရေးအတွက် ကြိုးပမ်းညှိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့် နယ်စပ်ကုန်စည် စီးဆင်းမှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လျက်ရှိသော်လည်း တရုတ်နိုင်ငံဘက်သို့ ကုန်စည်တင်ပို့လျက်ရှိသည့် မော်တော်ယာဉ်များအား ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ပြီး စည်းကမ်းတကျဖြင့် ကုန်စည် တင်ပို့နိုင်ရေးအတွက် ပြည်နယ်ကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်း ကြပ်မတ်ဆောင်ရွက်ရေး တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေး စခန်းတာဝန်ခံများ၊ ပြည်နယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း၊ သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်း တာဝန်ရှိသူများက လတ်တလော ကာလအတွင်း ကုန်စည်တင်ပို့မှု အခြေအနေများ၊ နှစ်နိုင်ငံညှိနှိုင်းထားသည့်အတိုင်း ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် အပါအဝင် ကုန်စည်များအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တစ်သျှူးငှက်ပျော အပါအဝင် စိုက်ပျိုးထုတ်ကုန်များ တင်ပို့ရာတွင် အချိန်မီ တင်ပို့နိုင်ရေးနှင့် သတ်မှတ်ယာဉ်အစီးရေ တိုးမြှင့်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မော်တော်ယာဉ်များ စနစ်တကျ စည်းကမ်းရှိစွာဖြင့် ကုန်စည်တင်/ပို့နိုင်ရေးအတွက် ကြပ်မတ် ထိန်းချုပ်ဆောင်ရွက်သွားမည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။
ပြည်နယ်ပြန်/ဆက်