ကျောက်မဲ မတ် ၂၂
ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီ အချိန်က ကျောက်မဲမြို့ပေါ်ရှိ စက်ဆီ၊ ချောဆီများ ရောင်းချနေသည့် အေးချမ်းသာ(၁)၊ အေးချမ်းသာ(၂)၊ သစ်ဆန်းပိုင်၊ ဝင်းစတိုး၊ မိတ်သစ်နှင့် လရိပ်ပြာဆိုင်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အဆိုပါအရောင်းဆိုင်များ၌ Falcon၊ Trane နှင့် Crocodile အမှတ် တံဆိပ်ကို ဆင်တူယိုးမှား ပြုလုပ်၍ ဖြန့်ဖြူးရောင်းချနေသည့် အင်ဂျင်ဝိုင် အတုများ အားရောင်းချမှု ရှိ၊ မရှိ ကို အဓိကထား စစ်ဆေးခဲ့သည်။ဆိုင်ရောင်းချ သူများကိုလည်း သုံးစွဲသူများ နစ်နာမှာမရှိစေရေးအတွက် ပစ္စည်းအတုများ၊ ဆင်တူယိုးမှားတံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ အတုအပပြုလုပ်၍ တရားမဝင်တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း၊ တရားဝင် လိုင်စင်ရယူ ဆောင်ရွက်ခြင်း ရှိ၊ မရှိတို့ကို ပုံမှန်စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း