တာမွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ

ရန်ကုန် မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် တာမွေမြို့နယ်ရှိ မြို့နယ် မီးသတ်တပ်ဖွဲ့စခန်း၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် ယာဉ်များ၊ စက်ပစ္စည်း ကိရိယာများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များ အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင် နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများအပါအဝင် မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ပူးပေါင်း၍ လက်တွေ့ဇာတ်တိုက် သရုပ်ပြ လေ့ကျင့်ခြင်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များဖြစ်ပေါ်လာပါက တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့စခန်း တယ်လီဖုန်းနံပါတ် ၀၁-၅၅၄၈၉၃၊ ၀၁-၅၅၄၈၄၁၊ ၀၁-၅၅၄၇၇၈ သို့ ချက်ချင်းဆက်သွယ် သတင်းပို့ပြီး အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။

နိုင်လင်းအောင်