နမ္မတူမြို့နယ် (IDP) စခန်း (၃) ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန် (၄) မျိုး ထောက်ပံ့ ပေးအပ်

နမ္မတူ မတ် ၂၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နမ္မတူမြို့နယ် (IDP)စခန်း (၃)ခုရှိ တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန် (၄) မျိုး ထောက်ပံ့ပေးအပ်ခြင်းကို မတ်လ (၂၂) ရက်နေ့ နံနက် (၁၁) နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့လယ်ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင်၊ မြို့နယ်တိုက်ပွဲရှောင် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မြတ်သူနှင်းနှင့် တာဝန်ရှိသူများက ကြူဆော့ (IDP) စခန်း၊ ကချင် (IDP) စခန်း၊ လီဆူ (IDP) စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူတို့အတွက် တစ်အိမ်ထောင်လျှင် ဆီ (၁) ပိဿာ၊ ကုလားပဲ (၁) ပိဿာ၊ ဆား (၅၀) သားနှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၁၂၀) စုအတွက်  ဆီ (၁၂၀) ပိဿာ၊ ကုလားပဲ (၁၂၀) ပိဿာ၊ ဆား (၆၀) ပိဿာနှင့် လူဦးရေ (၅၄၉) ဦး တို့အတွက် တစ်ဦးလျှင် ဆန်နိုဆီဗူး (၂၈) ဗူးနှုန်းဖြင့် စုစုပေါင်း ဆန်အိတ် (၈၀) အိတ်အား တိုက်ပွဲရှောင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။

အလားတူ မန်တုံမြို့နယ်ရှိ နေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု (၅၇) စု လူဦးရေ (၃၀၀) ဦးတို့အတွက် ဆီ (၅၇) ပိဿာ၊ ကုလားပဲ (၅၇) ပိဿာ၊ ဆား (၅၇) ပိဿာနှင့် ဆန် (၄၄) အိတ်အား ဆက်လက် ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)