မိုးနဲ မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မိုးနဲ-ကင်တုံကျေးရွာ ဆက်သွယ်သော လမ်းပေါ်ရှိ အရှည်ပေ ၄၀ ရှိသံကူကွန်ကရစ် တံတားတစ်စင်းကို လင်းခေးခရိုင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၉၃ ဒသမ ၆၅၁ သန်းဖြင့် ဆုပြည့်စံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတားတည်ဆောက်ပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ပြင်ဆင်နိုင်ရေးမှာကြား ခဲ့ကြောင်း သိရသည်။
မိုးနဲ-ကင်တုံကျေးရွာဆက်သွယ်သော တံတားမှာ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး တံတား အရှည်ပေ ၄၀ ၊ အနံ ၁၇ ပေတွင် လူသွားလမ်း တစ်ဖက်တစ်ပေခွဲစီပါရှိပြီး တံတားပြီးစီးသွားပြီ ဖြစ်သည့်အတွက် မိုက်ဟိုင်းကျေးရွာအုပ်စုရှိ ကျေးရွာများ၊ နောင်မြိုင်းကျေးရွာအုပ်စုရှိ ကျေးရွာများ၏ ကုန်စည်စီးဆင်းမှု၊ လမ်းပန်း ဆက်သွယ်ရေးများ ရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)