ထားဝယ် မတ် ၂၂
၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ၃၃ကေဗွီ ဓာတ်အားလိုင်း(၁၇)မိုင် တည်ဆောက်ခြင်းနှင့် ၃၃/၁၁ကေဗွီ ၁၀ အမ်ဗွီအေ ဝင်းဝဓာတ်အားခွဲရုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဓာတ်အားခွဲရုံ၌ကျင်းပသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ သုဟန်စည်ကုမ္ပဏီနှင့် ဒေသခံရပ်မိရပ်ဖတစ်ဦးတို့က လျှပ်စစ်ဓာတ်အားခွဲရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးတွင် နိုင်ငံတော် ဓာတ်အားစနစ်မရောက်ရှိသေးသော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းဒေသကြီး အတွင်းမှာဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများ တည်ဆောက်ပြီး ဓာတ်အားပေးလျှက်ရှိပါကြောင်း၊ သရက်ချောင်းဝင်းဝ ၃၃/၁၁ကေဗွီ၁၀အမ်ဗွီ အေဓာတ်အားလိုင်း(၁၇)မိုင်၏ လုပ်ငန်း တန်ဖိုးမှာ ကျပ်သန်း (၁,၂၉၀)သန်းဖြစ်ပြီး ၃၃/၁၁ကေဗွီ ၁၀အမ်ဗွီအေ ဓာတ်အားခွဲရုံ၏လုပ်ငန်း တန်ဘိုးမှာ ကျပ်သန်း (၆၇၉)သန်းဖြစ်သော ကြောင့်စုစုပေါင်းလုပ်ငန်းတစ်ခုလုံး၏ တန်ဘိုး ကျပ်သန်း(၁၉၆၉) သန်း ကို ပြည်ထောင်စု ရန်ပုံငွေ ဖြင့်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် လျှပ်စစ် ကိုအန္တရာယ်ကင်းရှင်းစွာဖြင့်အကျိုးရှိရှိ အသုံးချသွားဖို့ အထူးလိုအပ်ကြောင်း၊ လျှပ်စစ်ဖြင့် ကုန်ထုတ် လုပ်မှု လုပ်ငန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ၊ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့်လည်း ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းသွားကြလိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာဦးဝင်းဗိုလ်က ဝင်းဝဓာတ်အားခွဲရုံမှဓာတ်အား ဖြန့်ဖြူး ပေးမည့်အစီအစဉ်များ အားရှင်းလင်းပြောကြားပြီး သုဟန်စည်ကုမ္ပဏီမှ MD က ကျေးဇူးတင်စကား ပြောကြားကာ တာဝန်ရှိသူများက ဓာတ်အားခွဲ ရုံအထိမ်းအမှတ်တံဆိပ်အား ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တည်ဆောက်ရေးကုမ္ပဏီများအား ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပြီး ဓာတ်အားခွဲရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးစီးပါကကနက်သီရိ၊ ကျွဲမင်းကုန်း၊ ပိန္နဲကုန်း၊ ချောင်းဝပြင်၊ သဲချောင်းသား၊ မင်းဒပ်၊ ဝဲရစ်၊သစ်တိုကုန်း၊ သိမ်ကုန်း၊ အင်ဗူး၊ ကျောက်ခမောက်၊ စုံစင် ကျေးရွာများလည်း ဓာတ်အားရရှိသွားမှာ ဖြစ်ပြီးကျန်ကျေးရွာများကိုလည်း ဓာတ်အားရရှိရေးအတွက် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းသိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)