မိတ္ထီလာ မတ်လ ၂၂
မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးနှင့်အခြားသဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားစေရေးအတွက် မီးဘေးလုံးခြုံးရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ မြို့နယ်အတွင်း မီးဘေးနှင့်သဘာဝဘေး အန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေညီ ဆောင်ရွက်ပေးနိုင်ရေး မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားသော ရှာဖွေကယ်ဆယ်ရေး တပ်စုတစ်စု အင်အား ၃၅ ဦးဖြင့် မြို့နယ်မီးသတ်စခန်းဝန်းအတွင်း နေ့စဉ်ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်လျက် ရှိသည်။ ၎င်းအပြင် ရေဘေးအန္တရာယ်ကျရောက်လာပါက Assault Boatဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သစ်ပင်များလဲကျပြီး လမ်းများနှင့် လူနေအိမ်များအပေါ် ပိတ်မိခြင်း တို့ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရှင်းလင်းခြင်းတို့ကို အချိန်နှင့်တစ်ပြေညီ ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် ခေတ်မီကယ်ဆယ်ရေးသုံးပစ္စည်းများကိုလည်း အရန်သင့်ပြင်ဆင် ဆောင်ရွက်ထားရှိသည်။ ယင်းအပြင် နိုင်ငံပိုင်ရုပ်မြင်သံကြားများမှ ထုတ်လွှင့်သည့် မိုးလေဝသ သတင်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အချိန်နှင့်တစ်ပြေညီ ညွှန်ကြားချက်များအား အမြဲမပြတ် လိုက်နာဆောင်ရွက်လျက်ရှိပြီး ထူးရှားမှုရှိပါက ချက်ခြင်းထွက်ခွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအသင်များ အဖွဲ့များနှင့်လည်း ချိတ်ဆက် ဆောင်ရွက်ထားရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)