တံတားဦး မတ် ၂၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၃)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်း ကျောင်း ရတနာထွန်းခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ကြကြောင်း သိရသည်။
လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတွင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က ကျောင်းသားလူငယ်များ စာရိတ္တကောင်းမွန်ရေးနှင့် စည်းကမ်း လိုက်နာရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဦးဘိုမောင်က လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး အကြောင်းဟောပြောရာတွင် ယခုအခါ နွေရာသီကာလ ကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်ရေးနှင့် လူငယ်လူရွယ်များသည် အနာဂတ်ရဲ့ခေါင်းဆောင်ကောင်း များ ဖြစ်ပါကြောင်း ၊ အနာဂတ်ရဲ့ ခေါင်းဆောင်ကောင်းများသည် ဗလငါးတန်ဖွံ့ဖြိုးဖို့လိုအပ်ပါကြောင်း နိုင်ငံနှင့် လူမျိုးအပေါ်ချစ်မြတ်နိုး၍ မျိုးချစ် စိတ်ဓာတ် အမြဲရှိဖို့လိုအပ်ပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် မိမိတို့အတွက် အကျိုးရှိသောသင်တန်းများကိုလည်း တက်ရောက်ကြစေရန် ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငယ်သူထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ကာယကျန်းမာဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရန် အားကစား လှုပ်ရှားမှုများကို ဆောင်ရွက်သင့်ပါကြောင်း ၊ ကျောင်းသားလူငယ်များ အားကစားစိတ်ဓာတ် ပိုမို သက်ဝင်ယုံကြည်ခြင်းသည် တစ်မျိုးသားလုံး၏ ကာယဉာဏစာရိတ္တဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကို စိတ်ပါဝင်စားသည့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး အကြောင်း တို့ကိုပြောကြားပြီး အထက-တံတားဦးကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ရဲတင့်