လယ်ဝေး မတ် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ရုံးပင် - အေးချမ်းသာ ဆက်သွယ်သောလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတားနှင့် ကြို့ပင်သာ-ပေါင်းလောင်း စစ်တောင်းမြစ်ကူးတံတားများ တည်ဆောက်နေသည့်လုပ်ငန်းများအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့မွန်းလွဲ(၂)နာရီ က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ရုံးပင် - အေးချမ်းသာ ဆက်သွယ်သောလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း ရှင်းလင်း ဆောင်သို့ရောက်ရှိရာ တံတားအထူးအဖွဲ့(၆) နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ကျော်ထိုက်က တံတားတည်ဆောက်ရေးလုပ်ငန်းများနှင့် ပြီးစီးမှုအခြေအနေ များအား အသေးစိတ်ရှင်းလင်းတင်ပြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ရုံးပင် - အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါတံတားသည် အရှည်ပေ(၈၄၀)ပေ၊ ယာဉ်သွားလမ်း အကျယ်(၁၈)ပေနှင့် လူသွားလမ်း တစ်ဖက်လျှင်(၁)ပေစီ၊ ရေလမ်းကင်းလွတ်နယ်အမြင့် (၃.၂၈၁) ပေရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ရန်ပုံငွေဖြင့် တည်ဆောက်သည့် နှစ်လမ်းသွားသံကူ ကွန် ကရစ်တံတား အမျိုးအစားဖြစ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ပေါက်မြိုင် ကျေးရွာ အုပ်စု၊ ကြို့ပင်သာ-ပေါင်းလောင်း စစ်တောင်းမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး ကျေးလက်လမ်းဦးစီးဌာန၊ တံတားတည်ဆောက်ရေး အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးနှင့် ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းတို့က တံတားတည်ဆောက်ရေး လုပ်ငန်းနှင့် ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ဆက်လက်၍ ကြို့ပင်သာ-ပေါင်းလောင်း စစ်တောင်းမြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး သည်။ အဆိုပါတံတားသည် အရှည်ပေ(၆၀၀)၊ တံတားအကျယ်(၂၀)ပေ၊ သံကူကွန်ကရစ် တံတားဖြစ်ပြီး နေပြည်တော်ကောင်စီ၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တံတားတည်ဆောက်ရေး အဖွဲ့(ရုံးချုပ်) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် K.A.S.H COMPANY LIMITED မှဆောင်ရွက်လျှက်ရှိသည့် (၄ဖာလုံ×၂၄ပေ×၁၀လက်မ) ရှိသည့် H1 လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
နေဇော်ချစ်