နမ္မတူ မတ် ၂၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသား ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် နမ္မတူမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု များအတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ်အဖြစ် Covishield အမျိုးအစား ကာကွယ်ဆေးအား လည်းကောင်း၊ နိုဝင်ဘာလ (၉)ရက်နေ့မှ ဖေဖော်ဝါရီလအတွင်း ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် ပြည်သူများအား ဒုတိယအကြိမ်အဖြစ် Sinopharm အမျိုးအစားနှင့် Covishield အမျိုးအစား ကိုဗစ်ကာကွယ်ဆေးအားလည်းကောင်း ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန် လာရောက်သည့် တိုင်းရင်းသား ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စာရင်းအချက် အလက်များ ကောက်ယူပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့သည်။
နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၉၆၈၀ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၃၆၇၈ဦးနှင့် ကျောင်းသား/ကျောင်းသူ ၁၈၈ဦး၊ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၆၃၈ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းထံက သိရသည်။
လူမော်