နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ နေရပ်စွန့်ခွာပြည်သူများအား တစ်နိုင်တစ်ပိုင်စနစ်မှ စီးပွားဖြစ်မွေးမြူနိုင်ရန် ရည်ရွယ်၍ ဒေသကြက် (၈၀၀)ကောင် ထောက်ပံ့ပေးအပ်

နမ္မတူ မတ် ၂၁

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ  နမ္မတူမြို့နယ် (IDP) စခန်း (၃)ခုရှိ နေရပ်စွန့်ခွာပြည်သူများအား တစ်ပိုင်တစ်နိုင်စနစ်မှ စီးပွားဖြစ်မွေးမြူနိုင်ရန် ရည်ရွယ်၍ ဒေသကြက် (၈၀၀)ကောင် ထောက်ပံ့ပေးအပ်ခြင်းကို မတ်လ (၂၀) ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကြူဆော့ (IDP) စခန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် ရှေ့ဦးစွာ နမ္မတူမြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က အမှာစကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ညီညီသန့်က ဒေသကြက်များအား တစ်ပိုင်တစ်နိုင်စနစ်မှ စီးပွားဖြစ်မွေးမြူနိုင်ရန် ရည်ရွယ်၍ ယခုလို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် နမ္မတူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ညီညီသန့်၊ မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များက ကြူဆော့ (IDP) စခန်း၊ ကချင် (IDP) စခန်း၊ လီဆူ (IDP) စခန်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ဒေသကြက် တစ်ကောင်လျှင် ငွေကျပ် (၇၅၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ဒေသကြက်ကောင်ရေ (၈၀၀)ကောင်၊ စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း (၆၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အပြင် နမ္မတူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နေရပ်စွန့်ခွာပြည်သူများအား တစ်ပိုင်တစ်နိုင်စနစ်မှ စီးပွားဖြစ် မွေးမြူနိုင်ရန်အတွက် ဒေသကြက်မွေးမြူရေးသင်တန်းကို ကြိုတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ မတ်လ (၂၇) ရက်နေ့တွင် ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကြက်ခြံတည်ဆောက်ပုံတို့ကို ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ညီညီသန့်ထံက သိရသည်။

လူမော် (ပြန်/ဆက်)